အင်ဂျင်နီယာကျောင်းသား ကိုလျှံဖြိုးအောင် ပြန်မလွတ်သေး

အင်ဂျင်နီယာကျောင်းသား ကိုလျှံဖြိုးအောင် ပြန်မလွတ်သေး

စစ်ကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အရ လွတ်မြောက်လာသူများတွင် လက်တစ်ဖက်ဖြတ်ရသည်အထိ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကာ ပုဒ်မ ၅၀၅−က ဖြင့် အမှုဖွင့်ရေးယူခံထားရသူ မကွေးမြို့မှ အင်ဂျင်နီယာကျောင်းသား ကိုလျှံဖြိုးအောင် မပါဝင်ကြောင်း မိသားစုနှင့် နီးစပ်သူထံမှ သိရသည်။

အကျဉ်းကျနေသူ ၁၃၁၆ ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်းနှင့် တရားစွဲဆိုခံထားရသူ ၄၃၂၀ ဦးကို အမှုပိတ်သိမ်းကြောင်း စစ်ကောင်စီက အောက်တိုဘာ ၁၈ ရက်တွင် ကြေညာခဲ့ရာ ကိုလျှံဖြိုးအောင်၏ မိသားစုက သုံးရက်တိုင် စောင့်ဆိုင်းခဲ့သော်လည်း လွတ်မြောက်လာခြင်း မရှိဟု သိရသည်။

အကျဉ်းသားရာချီလွတ်ရန် ရှိသည်ဟု ထောင်ဝန်းထမ်းများမှတစ်ဆင့် သိရသဖြင့် နံနက်မှ ညနေပိုင်းအထိ သုံးရက်ဆက်တိုက် စောင့်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း ကိုလျှံဖြိုးအောင်၏ မိသားစုနှင့် နီးစပ်သူက ယနေ့ (အောက်တိုဘာ ၂၁) တွင် Myanmar Now ကို ပြောသည်။

“ပထမ( ဇွန်လ) အခါတုန်းကလည်း ၇ ရက်လောက် ရှိမယ်ထင်တယ်။ သူတို့ (ကိုလျှံဖြိုးအောင်မိသားစု) နေ့တိုင်း သွားစောင့်ကြတာ။ ပြန်ကို မလွတ်ဘူး။ သူတို့ လှည့်ကွက်က လွှတ်မယ်ပြောပြီးတော့.. ခန့်မှန်းရခက်ပါတယ်။ ဘာမှန်းကို မပြောတတ်တော့ဘူး” ဟု ၎င်းက ပြောသည်။

အသက် ၂၂ နှစ်အရွယ် အင်ဂျင်နီယာကျောင်းသား ကိုလျှံဖြိုးအောင်မှာ မတ်လ ၂၇ ရက်က မကွေးမြို့ ၌ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲ၌ ပါဝင်နေစဉ် စစ်ကောင်စီ၏ အကြမ်းဖက်ဖြိုခွဲမှုကြောင့် ခန္ဓာကိုယ်အနှံ့ အပြင်းအထန်ဒဏ်ရာရရှိခဲ့သူဖြစ်သည်။

မျက်လုံးကို ယမ်းစထိမှန်ခဲ့သည့်အပြင် ပေါင်နှင့် လက်များတွင် ဆန်ခါပေါက်ကဲ့သို့ ရာဘာကျည်ဆန်ထိမှန်ခဲ့ပြီး ပြင်းထန်သောဒဏ်ရာကြောင့် ကိုလျှံဖြိုးအောင်၏ ညာဘက်လက် ဖြတ်တောက်ခဲ့ရသည်။

စစ်အာဏာရှင်က ခြေမွှလိုက်သော မြို့ပြအင်ဂျင်နီယာအိပ်မက်ကိုလျှံဖြိုးအောင်ကို စစ်ကောင်စီက ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က ဖြင့် ဧပြီလအတွင်း အမှုဖွင့်ခဲ့ပြီး ဇွန်လဆန်းပိုင်းတွင် စစ်ဆေးရုံမှ မကွေးအကျဉ်းထောင်သို့ ပြောင်းရွှေ့ချုပ်နှောင်ပြီးနောက်ပိုင်း ယနေ့အချိန်ထိ ဆက်လက်ဆေးကုသခွင့်မရခဲ့သည့်နည်းတူ မိသားစုနှင့် တွေ့ဆုံခွင့် မရခဲ့ပေ။

ကိုဗစ်နိုင်တင်းကူးစက်ရောဂါ ပြင်းထန်သည့် ကာလများတွင် တရားရုံးထုတ်စစ်ဆေးခြင်း ရပ်တန့်ထားရာ ရှေ့နေနှင့် တွေ့ဆုံခွင့် မရသဖြင့် ၎င်း၏ လက်ရှိကျန်းမာရေးအခြေအနေကို ယနေ့ထက်ထိ မသိရကြောင်း ကိုလျှံဖြိုးအောင်၏ သူငယ်ချင်းတစ်ဦးက Myanmar Now ကို ပြောသည်။

“အတွင်းထဲမှာလည်း ကုသဖို့အတွက် အဆင်မပြေဘူးလေ။ မျက်လုံးလည်း ခွဲခွင့်မပေးတာပါ။ စာအဆက်အသွယ်လည်း မရဘူး။ လူချင်းတွေ့ခွင့်လည်း မရဘူးလို့တော့ သိထားတယ်ဗျ။ ထောင်ဝင်စာကတော့ ပို့လို့ရတယ် ပြောတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ကိုလျှံဖြိုးအောင်၏ အခြေအနေနှင့် ပတ်သက်၍ ၎င်း၏ မိသားစုဝင်များက ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အာဏာသိမ်းစစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်မှုများအကြောင်း နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) သို့ တင်ပြရာတွင် ကိုလျှံဖြိုးအောင် အကြမ်းဖက်ခံရသည့် ဖြစ်စဉ်လည်း ပါဝင်သည်။

Myanmar Now

အင္ဂ်င္နီယာေက်ာင္းသား ကိုလွ်ံၿဖိဳးေအာင္ ျပန္မလြတ္ေသး

စစ္ေကာင္စီ၏ ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္အရ လြတ္ေျမာက္လာသူမ်ားတြင္ လက္တစ္ဖက္ျဖတ္ရသည္အထိ ဒဏ္ရာအျပင္းအထန္ရရွိခဲ့ကာ ပုဒ္မ ၅၀၅−က ျဖင့္ အမႈဖြင့္ေရးယူခံထားရသူ မေကြးၿမိဳ႕မွ အင္ဂ်င္နီယာေက်ာင္းသား ကိုလွ်ံၿဖိဳးေအာင္ မပါဝင္ေၾကာင္း မိသားစုႏွင့္ နီးစပ္သူထံမွ သိရသည္။

အက်ဥ္းက်ေနသူ ၁၃၁၆ ဦး ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္ျပဳေၾကာင္းႏွင့္ တရားစြဲဆိုခံထားရသူ ၄၃၂၀ ဦးကို အမႈပိတ္သိမ္းေၾကာင္း စစ္ေကာင္စီက ေအာက္တိုဘာ ၁၈ ရက္တြင္ ေၾကညာခဲ့ရာ ကိုလွ်ံၿဖိဳးေအာင္၏ မိသားစုက သုံးရက္တိုင္ ေစာင့္ဆိုင္းခဲ့ေသာ္လည္း လြတ္ေျမာက္လာျခင္း မရွိဟု သိရသည္။

အက်ဥ္းသားရာခ်ီလြတ္ရန္ ရွိသည္ဟု ေထာင္ဝန္းထမ္းမ်ားမွတစ္ဆင့္ သိရသျဖင့္ နံနက္မွ ညေနပိုင္းအထိ သုံးရက္ဆက္တိုက္ ေစာင့္ဆိုင္းခဲ့ျခင္းျဖစ္ေၾကာင္း ကိုလွ်ံၿဖိဳးေအာင္၏ မိသားစုႏွင့္ နီးစပ္သူက ယေန႔ (ေအာက္တိုဘာ ၂၁) တြင္ Myanmar Now ကို ေျပာသည္။

“ပထမ( ဇြန္လ) အခါတုန္းကလည္း ၇ ရက္ေလာက္ ရွိမယ္ထင္တယ္။ သူတို႔ (ကိုလွ်ံၿဖိဳးေအာင္မိသားစု) ေန႔တိုင္း သြားေစာင့္ၾကတာ။ ျပန္ကို မလြတ္ဘူး။ သူတို႔ လွည့္ကြက္က လႊတ္မယ္ေျပာၿပီးေတာ့.. ခန႔္မွန္းရခက္ပါတယ္။ ဘာမွန္းကို မေျပာတတ္ေတာ့ဘူး” ဟု ၎က ေျပာသည္။

အသက္ ၂၂ ႏွစ္အ႐ြယ္ အင္ဂ်င္နီယာေက်ာင္းသား ကိုလွ်ံၿဖိဳးေအာင္မွာ မတ္လ ၂၇ ရက္က မေကြးၿမိဳ႕ ၌ စစ္အာဏာရွင္ဆန႔္က်င္ေရးဆႏၵျပပြဲ၌ ပါဝင္ေနစဥ္ စစ္ေကာင္စီ၏ အၾကမ္းဖက္ၿဖိဳခြဲမႈေၾကာင့္ ခႏၶာကိုယ္အႏွံ႔ အျပင္းအထန္ဒဏ္ရာရရွိခဲ့သူျဖစ္သည္။

မ်က္လုံးကို ယမ္းစထိမွန္ခဲ့သည့္အျပင္ ေပါင္ႏွင့္ လက္မ်ားတြင္ ဆန္ခါေပါက္ကဲ့သို႔ ရာဘာက်ည္ဆန္ထိမွန္ခဲ့ၿပီး ျပင္းထန္ေသာဒဏ္ရာေၾကာင့္ ကိုလွ်ံၿဖိဳးေအာင္၏ ညာဘက္လက္ ျဖတ္ေတာက္ခဲ့ရသည္။

စစ္အာဏာရွင္က ေျခမႊလိုက္ေသာ ၿမိဳ႕ျပအင္ဂ်င္နီယာအိပ္မက္ကိုလွ်ံၿဖိဳးေအာင္ကို စစ္ေကာင္စီက ဆူပူေအာင္လႈံ႕ေဆာ္မႈ ပုဒ္မ ၅၀၅-က ျဖင့္ ဧၿပီလအတြင္း အမႈဖြင့္ခဲ့ၿပီး ဇြန္လဆန္းပိုင္းတြင္ စစ္ေဆး႐ုံမွ မေကြးအက်ဥ္းေထာင္သို႔ ေျပာင္းေ႐ႊ႕ခ်ဳပ္ေႏွာင္ၿပီးေနာက္ပိုင္း ယေန႔အခ်ိန္ထိ ဆက္လက္ေဆးကုသခြင့္မရခဲ့သည့္နည္းတူ မိသားစုႏွင့္ ေတြ႕ဆုံခြင့္ မရခဲ့ေပ။

ကိုဗစ္ႏိုင္တင္းကူးစက္ေရာဂါ ျပင္းထန္သည့္ ကာလမ်ားတြင္ တရား႐ုံးထုတ္စစ္ေဆးျခင္း ရပ္တန႔္ထားရာ ေရွ႕ေနႏွင့္ ေတြ႕ဆုံခြင့္ မရသျဖင့္ ၎၏ လက္ရွိက်န္းမာေရးအေျခအေနကို ယေန႔ထက္ထိ မသိရေၾကာင္း ကိုလွ်ံၿဖိဳးေအာင္၏ သူငယ္ခ်င္းတစ္ဦးက Myanmar Now ကို ေျပာသည္။

“အတြင္းထဲမွာလည္း ကုသဖို႔အတြက္ အဆင္မေျပဘူးေလ။ မ်က္လုံးလည္း ခြဲခြင့္မေပးတာပါ။ စာအဆက္အသြယ္လည္း မရဘူး။ လူခ်င္းေတြ႕ခြင့္လည္း မရဘူးလို႔ေတာ့ သိထားတယ္ဗ်။ ေထာင္ဝင္စာကေတာ့ ပို႔လို႔ရတယ္ ေျပာတယ္” ဟု ၎က ဆက္လက္ေျပာသည္။

ကိုလွ်ံၿဖိဳးေအာင္၏ အေျခအေနႏွင့္ ပတ္သက္၍ ၎၏ မိသားစုဝင္မ်ားက ထုတ္ေဖာ္ေျပာဆိုရန္ ျငင္းဆိုထားသည္။

အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) က အာဏာသိမ္းစစ္ေကာင္စီ၏ ရက္စက္ၾကမ္းၾကဳတ္ေသာ အၾကမ္းဖက္မႈမ်ားအေၾကာင္း ႏိုင္ငံတကာရာဇဝတ္ခုံ႐ုံး (ICC) သို႔ တင္ျပရာတြင္ ကိုလွ်ံၿဖိဳးေအာင္ အၾကမ္းဖက္ခံရသည့္ ျဖစ္စဥ္လည္း ပါဝင္သည္။

Myanmar Now